အမေ့ခံအတိတ်
အမေ့ခံအတိတ်
၁၈၇၈ ခုနှစ်က အမေရိကန်ပြည်ထောင်စုရောက် ကရင်လူမျိုးတစ်ဦး
event_note ခေတ်ကာလများပြပုံ

၁၈၄၉ - ၁၉၁၂

၁၈၇၈ ခုနှစ်က အမေရိကန်ပြည်ထောင်စုရောက် ကရင်လူမျိုးတစ်ဦး

room United States

Read in English

၁၈၄၉ ခုနှစ်တွင် မွေးဖွားခဲ့သော မောင်အက်ဒဝင်သည် အမေရိကန် ပြည်ထောင်စုတွင် အစောဆုံး ပညာသင်ယူခဲ့သော မြန်မာကျောင်းသားများထဲမှ တစ်ဦး ဖြစ်သည်။ သူ၏ ဖခင်မှာ မြန်မာပြည်၏ ပထမဦးဆုံး ပိုးကရင်လူမျိုး သင်းအုပ်ဆရာ ဦးရွှေဘို ဖြစ်သည်။ ၁၈၇၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီးနောက် ပန်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania)၊ ခရိုဇာ ခရစ်ယာန် ဘာသာရေးကျောင်း (Crozer Theological Seminary) တွင် ဦးစွာ တက်ရောက်သည်။ (နောင် ၇၅ နှစ် အကြာတွင် မာတင်လူသာကင်း ဂျူနီယာ (Martin Luther King Jr) သည်လည်း ထိုကျောင်းတွင် တက်ရောက်ခဲ့သည်။) ဆက်လက်၍ မောင်အက်ဒဝင်သည် အိုင်အိုဝါတက္ကသိုလ် (Iowa University) တွင် ပညာသင်ယူခဲ့ပြီး ၁၈၇၉ ခုနှစ်တွင် ဥပဒေဘာသာဖြင့် ဘွဲ့ရသည်။ ကျောင်းပြီးသည့်အခါ မြန်မာပြည်သို့ ပြန်လာကာ သာယာဝတီမြို့တွင် ကွယ်လွန်သည့် ၁၉၁၂ ခုနှစ် အထိ ရှေ့နေအဖြစ် အသက်မွေးခဲ့သည်။

ပုံတွင် မြင်ရသည်မှာ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်စဉ်က ရိုက်ကူးထားသော မောင်အက်ဒဝင်၏ CDV (Carte de Visite) ဖြစ်သည်။ (CDV ဆိုသည်မှာ ယနေ့ခေတ် လိပ်စာကတ်ကဲ့သို့ အလဲအလှယ် လုပ်ကြသည့် အိတ်ဆောင်ဓာတ်ပုံငယ် ဖြစ်သည်။ ထိုခေတ်က ဧည့်ခန်းတွင် CDV ဓာတ်ပုံပေါင်းချုပ်ကို အလှပြထားလေ့ ရှိကြသည်။) ၁၈၇၉ ခုနှစ်က အိုင်အိုဝါတက္ကသိုလ် ဘွဲ့ရ ဥပဒေကျောင်းသားများ၏ ဓာတ်ပုံတွင် မောင်အက်ဒဝင်သည် အနောက်တန်း အလယ်တွင် ရပ်နေသည်။

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်