အမေ့ခံအတိတ်
အမေ့ခံအတိတ်
အကောင်းဆုံးသော သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်ကားကြီးတွင် သရုပ်ဆောင်ခဲ့သည့် မြန်မာပြည်ဖွား မင်းသမီး
event_note ခေတ်ကာလများပြပုံ

၁၉၃၂

အကောင်းဆုံးသော သိပ္ပံစိတ်ကူးယဥ်ရုပ်ရှင်ကားကြီးတွင် သရုပ်ဆောင်ခဲ့သည့် မြန်မာပြည်ဖွား မင်းသမီး

room United Kingdom

Read in English

အက်ဒဝီနာကယ်ရို (Edwina Carroll) ကို ၁၉၃၂ ခုနှစ်က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် မွေးဖွား၍ အင်္ဂလန်နိုင်ငံ (United Kingdom)၊ အောက်စဖို့မြို့ (Oxford) တွင် ကြီးပြင်းခဲ့သည်။ သူသည် မူလက The King and I တေးသံစုံပြဇာတ် အတွက် သရုပ်ဆောင်ရန် ဝင်ရောက် ယှဥ်ပြိုင်သော်လည်း အရွေးမခံခဲ့ရဘဲ ဘုရင်မကြီး၏ ပြဇာတ်ရုံ (Her Majesty's Theatre) တွင် တင်ဆက်သည့် The Teahouse of the August Moon တွင် ပါဝင်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် A Town like Alice ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရာမှ လူသိများလာခဲ့ပြီး ၁၉၆၀ ပြည့်နှစ်များတွင် ရုပ်ရှင်လောကတွင် ဆက်လက်၍ လုပ်ကိုင်ခဲ့သည်။ အင်္ဂလို-မြန်မာလူမျိုး ရုပ်ရှင်မင်းသမီးသည် ‘အသွင်အမျိုးမျိုး ဖြစ်နိုင်သည့်’ ကိုယ်ဟန်ပြမယ် (မော်ဒယ်) အဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ (သွေးနှောသော သူ၏ အသွင်အပြင်ကို လူမျိုး အမျိုးမျိုး အနေဖြင့် သတ်မှတ်ကာ ကိုယ်ဟန်ပြစေခြင်း ဖြစ်သည်။) တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် သူက "မနက်ပိုင်းမှာ အာရပ်နိုင်ငံ တစ်ခုခု အတွက် ကြော်ငြာရိုက်ရပြီး နေ့လည်ကျတော့ တရုတ်တံဆိပ် တစ်ခု အတွက် ဓါတ်ပုံရိုက်ရင် ရိုက်နေရတော့တာ" ဟု ဆိုသည်။

ခေတ်အဆက်ဆက်တွင် အကောင်းဆုံးဟု သတ်မှတ်ခဲ့ရသည့် နာမည်ကျော် ဒါရိုက်တာ စတန်လီ ကူဘရစ် (Stanley Kubrick) က ၁၉၆၈ ခုနှစ်တွင် ရိုက်ကူးသော သိပ္ပံစိတ်ကူးယဥ် ရုပ်ရှင် 2001: A Space Odyssey ရုပ်ရှင်ကားတွင် Aries-1B အာကာသယာဥ် ၏ အာကာသယာဥ်မယ် အဖြစ် သရုပ်ဆောင်ရခြင်းသည် သူ အအောင်မြင်ဆုံး အချိန် ဖြစ်သည်။ ပုံတွင် ထိုရုပ်ရှင်ကားတွင် သူ ဝတ်ဆင်ခဲ့သည့် Pan Am တံဆိပ်ပါ ဝတ်စုံကို ဝတ်ဆင်ထားသည်။ နောင်တွင် အက်ဒဝီနာသည် သရုပ်ဆောင်ခြင်းကို မလုပ်တော့ဘဲ လန်ဒန်မြို့ (London) ၏ ကိုဗန့်ဂါးဒန်း (Covent Garden) တွင် အဝတ်အထည်ဆိုင်ကို ဖွင့်လှစ်၍ ၁၅ နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် အငြိမ်းစား ယူသွားခဲ့သည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်