အမေ့ခံအတိတ်
အမေ့ခံအတိတ်
အမေရိကန်ပြည်ထောင်စုသို့ အစောဆုံး ပညာတော်သင်သွားခဲ့သော မြန်မာကျောင်းသား တစ်ဦး

1870s

အမေရိကန်ပြည်ထောင်စုသို့ အစောဆုံး ပညာတော်သင်သွားခဲ့သော မြန်မာကျောင်းသား တစ်ဦး

room United States

people Kolia San Thabue

Read in English

ဤသည်မှာ အမေရိကန်ပြည်ထောင်စုသို့ အစောဆုံး ပညာတော်သင်သွားရသော မြန်မာကျောင်းသားများထဲမှ တစ်ဦးဖြစ်သည့် ကိုလိုင်ရာ (Kolia San Thabue)၏ ဓာတ်ပုံ ဖြစ်သည်။ သူသည် ပုသိမ်မြို့မှ ပိုးကရင်လူမျိုး ဖြစ်သည်။ ၁၈၇၀ ပြည့်နှစ် နှောင်းပိုင်းတွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့ပြီး မစ်ရှီဂန်ပြည်နယ်ကောလိပ် (Michigan College - ယခု တက္ကသိုလ်) သို့ မတက်ရောက်မီ ချီကာဂိုတက္ကသိုလ် (Chicago University) နှင့် ကာလမက်ဇူးကောလိပ် (Kalamazoo College) တို့တွင် ပညာသင်ယူခဲ့သည်။ 

သူသည် ချီကာဂိုမြို့၌ ကျောင်းတက်နေစဉ် ဒုတိယနှစ်တွင် ငွေကြေး အခက်အခဲ ဖြစ်ခဲ့သည်။ ဖော်ပြပါ ဓာတ်ပုံမှာ သူ ကျောင်းဆက်တက်နိုင်ရန် ကျောင်းစရိတ် အတွက် အလှူရှင်တစ်ဦးလျှင် ၂၅ ဆင့် လှူဒါန်းရန် နှိုးဆော်ရာ၌ အသုံးပြုခဲ့သော ဓာတ်ပုံ ဖြစ်သည်။ 

ကိုလိုင်ရာသည် ဒက်ထရွိုက်မြို့ (Detroit) နှင့် မက်ဆာချူးဆက်ပြည်နယ် (Massachusetts) အပါအဝင် အမေရိကန်ပြည်ထောင်စုတွင် ၁၈ နှစ်ကြာ ကြိုကြားကြိုကြား နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဝါးခယ်မမြို့ (သာယာကုန်းရွာ)တွင် အခြေချကာ တောင်ယာစိုက်ပျိုးလေသည်။ ရွာသူရွာသားများက အမေရိကန်ပြန် ဘွဲ့ရပညာတတ်တစ်ယောက်သည် ရှေ့နေလည်း မလုပ်၊ အစိုးရဝန်ထမ်းလည်း မလုပ်ပါဘဲ အဘယ့်ကြောင့် လယ်ယာ လုပ်လိုသည်ကို နားမလည်ကြကြောင်း သူက ညည်းညူပြောဆိုခဲ့သည်။ (“အလကား အသုံးမကျသောအရူး”ဟု လူပြောခံခဲ့ရသည်)။ သူ၏ “အမေရိကန်ဥယျာဉ်”တွင် စိုက်ပျိုးရန် ဆလတ်ရွက်နှင့် သကြားပြောင်း မျိုးစေ့များကို မစ်ရှီဂန်ပြည်နယ်မှ သူငယ်ချင်းများထံတွင် တောင်းခံခဲ့သေးသည်။ ၁၉၁၁ ခုနှစ် မီရှီဂန်ဘွဲ့ရများ စာစောင်တွင် ကိုလိုင်ရာသည် ဗြိတိသျှအိန္ဒိယပြည်တွင် နေထိုင်နေသည့် တစ်ဦးတည်းသော မီရှီဂန်ဘွဲ့ရဟု ဖော်ပြခဲ့ပြီး သူ့ကိုယ်သူ "စိုက်ပျိုးရေး ပညာရှင်၊ ဥယျာဥ်စိုက်ပျိုးရေး ပညာရှင်၊ မြေယာပြုပြင်ထိန်းသိမ်းသူ၊ ဓါတ်ပုံဆရာနှင့် အမေရိကန် စိုက်ပျိုးထုတ်ကုန်များ တင်သွင်းသူ" ဟု ဖော်ပြခဲ့သည်။ 

နောင်တွင် ဘက်ပတစ် ဘုန်းတော်ကြီး ဖြစ်လာပြီး အဆုံးတွင် ပုသိမ်မြို့ မစ်ရှင်ကျောင်းတွင် ကျောင်းအုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်