အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာတို့၏ အဆန်းကျယ်ဆုံးသော အိမ်နီးချင်းများ - အန်ဒမန်ကျွန်းသူကျွန်းသားများ

21st Century

မြန်မာတို့၏ အဆန်းကျယ်ဆုံးသော အိမ်နီးချင်းများ - အန်ဒမန်ကျွန်းသူကျွန်းသားများ

Read in English

အန်ဒမန်ကျွန်း (Andaman Islands) သည် မန္တလေးမြို့ထက်စာလျှင် ရန်ကုန်မြို့နှင့် ပိုနီးပါသည်။ ယနေ့တွင် အိန္ဒိယနိုင်ငံ (India) ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ထိုဒေသတွင် နေထိုင်သော လူမျိုးစုများသည် ကမ္ဘာပေါ်တွင် တစ်သီးတစ်ခြား အဖြစ်ဆုံးသော လူမျိုးစုများ ဖြစ်သည်။ ယနေ့တွင် မူလ အန်ဒမန် ကျွန်းသူကျွန်းသားများ ဦးရေမှာ ရာဂဏန်းခန့်သာ ရှိတော့သည်။ သူတို့ ပြောဆိုသော ဘာသာစကားမှာလည်း အခြားမည်သည့် ဘာသာစကားနှင့်မျှ မတူပါ။

မျိုးရိုးဗီဇအရ သူတို့သည် အာရှတိုက်သားများနှင့် ပို၍ နီးစပ်သည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ တိဘက်နိုင်ငံ (Tibet)၊ ယူနန်ပြည်နယ် (Yunnan)နှင့် ဂျပန်နိုင်ငံ (Japan) တွင် တွေ့ရှိရသော Y-Haplogroup D-M174 မျိုးရိုးဗီဇအုပ်စုတွင် ပါဝင်ကြောင်းကို ပြုလုပ်နိုင်ခဲ့သည့် မျိုးဗီဇ စစ်ဆေးမှု အနည်းငယ်မှ သိရှိရသည်။ လွန်ခဲ့သော နှစ်ပေါင်း ၆၀,၀၀၀ ခန့်က အာဖရိကတိုက် (Africa) ကို စွန့်ခွာခရီးနှင်လာခဲ့ပြီး နောင်နှစ်ထောင်ပေါင်းများစွာ အကြာတွင် မြန်မာ့ကမ်းစပ်များသို့ ရောက်ရှိလာခဲ့ကာ ထိုမှတဆင့် သြစတြေးလျတိုက် (Australia) ဘက်သို့ ခရီးဆက်ခဲ့ကြသည့် ပထမဆုံးသော လူသားများမှ ယင်းမူလကျွန်းသူကျွန်းသားတို့ ဆင်းသက်လာသည်ဟု သိပ္ပံပညာရှင်များက ယုံကြည်ကြသည်။ ထိုမှ ခွဲဖြာဆင်းသက်လာသော လူအုပ်စုသည် မြောက်ပိုင်းသို့ ခရီးဆက်ခဲ့ကြပြီး အရှေ့အာရှတိုက်ဒေသတွင် ပထမဆုံး အခြေစိုက်နေထိုင်ခဲ့သော လူသားများ ဖြစ်နိုင်ဖွယ်ရာ ရှိပေသည်။ နောက်ဆုံးသော ရေခဲခေတ်က အန်ဒမန်ကျွန်းသည် မြန်မာပြည်နှင့် ကုန်းမြေချင်း ထိဆက်နေခဲ့သေးသည်။ ထို့နောက် လွန်ခဲ့သော နှစ် ၁၀,၀၀၀ ခန့်က ပင်လယ်ရေမျက်နှာပြင်များ မြင့်တက်လာသောအခါ ကျွန်းစုများ ဖြစ်လာခဲ့သည်။ ထိုအချိန်မှစ၍ အန်ဒမန်ကျွန်းမှ လူမျိုးစုများသည် ပြင်ပလောကနှင့် အဆက်အသွယ် လုံးဝနီးပါး မရှိဘဲ တစ်သီးတစ်ခြား နေထိုင်လာခဲ့ကြခြင်းဖြစ်သည်။

မြန်မာတို့က ထိုကျွန်းစုများကို ကပ္ပလီကျွန်း ဟု ခေါ်သည်။ ထိုအမည်သည် အာရပ်စကားလုံး ကာဖီရာ kaffir (ယနေ့ခေတ် လူမျိုးရေး နှိမ့်ချရန် ခေါ်ဆိုသော အသုံးအနှုန်း) မှ ဆင်းသက်လာပြီး မူလအဓိပ္ပာယ်မှာ မူဆလင် မဟုတ်သူဟု အဓိပ္ပာယ် ရသည်။ ယနေ့တွင် (အထူးသဖြင့် တောင်အာဖရိကဒေသတွင်) လူမည်း အာဖရိကန် လူမျိုးများကို ရည်ညွှန်းသည်။

အန်ဒမန်ကျွန်းစုများထဲမှ တစ်ခု ဖြစ်သော မြောက်ဆန်တီနယ်ကျွန်း (North Sentinel Island) ဆိုလျှင် ပြင်ပလောကနှင့် လုံးဝ အဆက်အသွယ် မရှိပေ။ ထိုကျွန်းတွင် နေထိုင်သူများ အကြောင်းလည်း လုံးဝ မသိရှိရပါ။ ဆန်တီနယ်ကျွန်းသားများနှင့် အဆက်အသွယ်ပြုရန် ကြိုးပမ်းသည့် အခါတိုင်းပင် (ပုံပါအတိုင်း) မြှားများဖြင့် ပစ်ခတ်တိုက်ခိုက်ကြသည်။ သူတို့ဘာသာ သီးခြား နေထိုင်လိုသည်မှာ ထင်ရှားသည်။ ထိုကျွန်းသည် ကမ္ဘာတစ်ဝှမ်းလုံးနှင့် အဆက်အသွယ် လုံးဝမရှိဘဲ ကျန်ရစ်သော နောက်ဆုံးနေရာတစ်ခု ဖြစ်သည်။

မြန်မာ့ အိမ်နီးချင်းနိုင်ငံများ၏ အတိတ်နှင့် ပစ္စပ္ပုန် မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်