အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာ့ဒီမိုကရေစီ မွေးဖွားရာ အဆောက်အအုံ
event_note ခေတ်ကာလများပြပုံ

၁၉၂၃ - ၁၉၆၂

မြန်မာ့ဒီမိုကရေစီ မွေးဖွားရာ အဆောက်အအုံ

Read in English

ဝန်ကြီးများရုံးဝန်း အတွင်းရှိ ပုံပါအဆောက်အဦသည် မြန်မာနိုင်ငံ၏ အရေးပါလှသော သမိုင်းဝင် အဆောက်အအုံ ဖြစ်သည်။ ထိုအဆောက်အဦကို ၁၉၂၃ ခုနှစ်က အသစ်ဖွဲ့စည်းလိုက်သော ဥပဒေပြုကောင်စီ ရုံးစိုက်ရန် အတွက် ရည်ရွယ်ကာ ဆောက်လုပ်ခဲ့သည်။ ၁၉၃၇ - ၁၉၄၂ ခုနှစ် အတွင်း ဒေါက်တာဘမော်၊ ဦးစော၊ ဦးပု စသည့် ဝန်ကြီးချုပ်များ လက်ထက်တွင် ပြည်သူ့လွှတ်တော်အဖြစ် တည်ရှိခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံ၏ပထမဦးဆုံးသော ဒီမိုကရေစီဖွဲ့စည်းပုံ အခြေခံဥပေ မူကြမ်းကို ရေးဆွဲခဲ့သော တိုင်းပြုပြည်ပြု လွှတ်တော်အတွက် အသုံးပြုခဲ့သည်။ ယင်းနောက်တွင် ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်များနှင့် ၁၉၆၀ ပြည့်နှစ်မှ ၁၉၆၂ ခုနှစ်များတွင် အောက်လွှတ်တော် ရုံးစိုက်ရှိရာ ဖြစ်ခဲ့သည်။ ထိုအအောက်အဦအတွင်း ဗိုလ်ချုပ်အောင်ဆန်း၊ ဦးတင်ထွဋ်၊ ဦးနု၊ ဦးဘဆွေ၊ ဦးကျော်ငြိမ်း စသည့် ပုဂ္ဂိုလ်များသည် တိုင်းရေးပြည်ရေး ဆွေးနွေးပြောဆိုခဲ့ကြသည်။ 

ရိုးရှင်းသော အသွင်အပြင်ရှိသည့် ယင်းအဆောက်အဦတွင် ၁၉၂၀ ပြည့်နှစ်များက ဟုမ္မရူး (Home rule) ရယူရေး၊ မရယူရေး၊ အိန္ဒိယပြည်မှ ခွဲထွက်ရေး စသည်တို့ အတွက် လျှောက်လဲပြောဆိုခြင်းမှ အစပြု၍ ၁၉၆၂ ခုနှစ် ဦးနုအစိုးရ၏ နောက်ဆုံးနေ့ရက်များ အထိ ဇာတ်လမ်းမျိုးစုံ အဖုံဖုံ ဖြစ်ပွားရာ၊ အားကြိုးမာန်တက် ငြင်းခုံဆွေးနွေးကြရာ ဖြစ်ခဲ့ပေသည်။ ကံကောင်းစွာဖြင့် ယနေ့အချိန်တွင် ယင်းအဆောက်အဦသည် ၁၉၆၂ ခုနှစ်က အတိုင်း မပြောင်းမလဲ တည်ရှိနေဆဲ ဖြစ်သည်။ 

ဓါတ်ပုံ - မိုးမိုးလွင်

ဗြိတိသျှ မြန်မာ (၁၈၂၆ - ၁၉၄၂) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်