အမေ့ခံအတိတ်
အမေ့ခံအတိတ်
မန္တလေးမြို့ကို ဂျပန်တို့ သိမ်းပိုက်ခဲ့စဉ်
event_note ခေတ်ကာလများပြပုံ

မေ ၁၉၄၂

မန္တလေးမြို့ကို ဂျပန်တို့ သိမ်းပိုက်ခဲ့စဉ်

room Myanmar

people Iida Shojiro

Read in English

၁၉၄၂ ခုနှစ် ဧပြီလ ၃ ရက်နေ့ ညပိုင်းအချိန်တွင် ဂျပန် မစ်ဆူဘီရှီ (Japanese Mitsubishi) ဗုံးကြဲလေယာဉ်များ သည် မြို့တော်ဟောင်းကို မီးလောင်ဗုံးများ ကြဲချပြီး တိုက်ခိုက်ရာ တစ်မြို့လုံး မီးတဟုန်းဟုန်း တောက်လောင်တော့သည်။ မန္တလေးမြို့ရှိ အဆောက်အဦ သုံးပုံ နှစ်ပုံခန့် ပျက်စီးသွားသည်။ သေဆုံးသူ ၈,၀၀၀ ခန့်ပင် ရှိမည်ဟု မှန်းဆထားပြီး ထိခိုက်ဒဏ်ရာ ရသည်များလည်း အတော် များသည်။ (ထိုစဥ်က လူဦးရေမှာ ၁၅၀,၀၀၀ ခန့် ရှိခဲ့သည်။) မန္တလေးနန်းတွင်းကို ဝန်းရံထားသည့် ကျုံးပတ်လည်တွင် မီးကျွမ်းပြီး ပုပ်သိုးနေသော လူသေအလောင်းများနှင့် ပြည့်နှက်နေသည်။ ချစ်ချစ်တောက်ပူသော နွေနေပူပူကြောင့် သေခြင်းတရား၏ အနံ့ဆိုးမှာ တစ်မြို့လုံးပျံ့နေသည်။ တစ်မြို့လုံး လူသူကင်းမဲ့ ခြောက်ကပ်နေသည်။ ဧပြီလ ၅ ရက်နေ့သို့ ရောက်သည့်အခါ မြို့တွင် လူတစ်ယောက်မှ မရှိသလောက်ပင်။ 

တိုင်းမ် မဂ္ဂဇင်း (Time) နှင့် လိုက်ဖ် မဂ္ဂဇင်း (Life) ထုတ်ဝေသူ ဟင်နရီလုစ် (Henry Luce) ၏ဇနီးဖြစ်သူ ကလဲဘု့သ်လုစ် (Clare Booth Luce) သည် ထိုနေ့ညနေပိုင်းက မန္တလေးမြို့တွင် ရှိနေခဲ့သည်။ ဗုံးဒဏ်ကြောင့် အဆောက်အဦ အပျက်အယွင်းများ၊ ပုပ်စော်နံဟောင်သော လူသေအလောင်းများကို နေရာအနှံ့ မြင်ခဲ့ရသည်။ သူမက “ဒီနေ့ညမှာ မန္တလေးမြို့ဆိုတာ မရှိတော့”ဟု ရေးသားခဲ့သည်။ 

ထိုအခိုက်တွင် အမှတ် ၁၅ ဂျပန်တပ်မတော်သည် ပြည်မြို့မှ ချီတက်လာနေပြီး နောက်သုံးပတ် အကြာတွင် မန္တလေးမြို့ကို သိမ်းပိုက်ခဲ့သည်။ တောင်ငူမြို့တွင် တပ်စွဲထားသည့် တရုတ်အမျိုးသားရေးတပ်မတော် ("တရုတ်ပြည် ကျူးကျော်တပ်ပေါင်းစု (မြန်မာပြည်)") သည် မတ်လ ၃ ရက်နေ့တွင် လားရှိုးမြို့သို့ ဆုတ်ခွာရပြီး ဧပြီလ ၂၉ ရက်နေ့တွင် လားရှိုးမြို့မှ တပ်ဆုတ်ရပြန်သေးသည်။ ဗြိတိသျှနှင့် အိန္ဒိယတပ်များသည် မေမြို့နှင့် မြစ်ကြီးနားမြို့များသို့ ဦးတည်ဆုတ်ခွာသွားကြပြီး ထိုမှ အာသံပြည် (Assam) ကို ဖြတ်ကျော်ကာ ထွက်ခွာခဲ့ကြသည်။ 

ဂျပန်တို့၏ မြန်မာနိုင်ငံကို ကျူးကျော်မှုသည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလက ခရစ်စမတ် အကြိုညတွင် ရန်ကုန်မြို့ကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် ၁၉၄၂ ခုနှစ် မတ်လ ၈ ရက်နေ့က ရန်ကုန်မြို့ ကျသွားခြင်းဖြင့် စတင်ခဲ့သည်။ မတ်လ ၃၀ ရက်နေ့တွင် ဂျပန်တို့သည် ဗိုလ်ချုပ်ကြီး လျူဇျိုရင် (Luo Zhuoying) ဦးဆောင်သည့် တရုတ်ပြည် ကျူးကျော်တပ်ပေါင်းစု (မြန်မာပြည်) ကို တိုက်ခိုက်အောင်မြင်ကာ တောင်ငူမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ဟယ်ရို အဲလက်ဇန္ဒား (Harold Alexander) ဦးဆောင်သည့် ဗြိတိသျှ ဦးဆောင်သော ဗမာတပ်များကို အနိုင်တိုက်ကာ ပြည်မြို့ကို သိမ်းယူနိုင်ခဲ့သည်။

မဟာမိတ် (the Allied) တပ်များက မန္တလေးမြို့မှ ပြန်လည်ခုခံရန် ကြိုးစားခဲ့သော်လည်း ၁၉၄၂ ခုနှစ် မေလ ပထမပတ်တွင် ဗိုလ်ချုပ် ရှိုဂျီရို အီဒါ (Shojiro Iida) ဦဆောင်သော အမှတ် ၁၅ ဂျပန်တပ်မတော်က မန္တလေးမြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဖော်ပြပါပုံမှာ ဂျပန်တပ်များ တစ်ညလုံး ဗုံးကြဲတိုက်ခိုက်ပြီးနောက် ဧပြီလ ၄ ရက်နေ့ မနက်ပိုင်းက မန္တလေးမြို့တွင် မြန်မာမီးသတ်သမားများနှင့် ဗမာ့တပ်မတော် တပ်သားများ မီးငြိမ်းသတ်ရန် ကြိုးပမ်းနေကြပုံ ဖြစ်သည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်