အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာ-အမေရိကန် ဆက်ဆံရေး၏ မိုးသောက်ချိန်

event_note ခေတ်ကာလများပြပုံ

၁၈၅၆

မြန်မာ-အမေရိကန် ဆက်ဆံရေး၏ မိုးသောက်ချိန်

room United States

people King Mindon President Franklin Pierce President James Buchanan Reverand Eugenio Kincaid

Read in English

၁၈၅၆ ခုနှစ်တွင် မင်းတုန်းမင်း (ဝဲဘက်) က အမေရိကန်နိုင်ငံ ၁၄ ဆက်မြောက် သမ္မတ ဖရန်ကလင်ပိရက်စ် (Franklin Pierce) (ယာဘက်) ကို သဝဏ်လွှာ ရေးသားပေးပို့ခြင်းမှ မြန်မာ-အမေရိကန် ဆက်ဆံရေး တရားဝင် အစပြုခဲ့သည်။ ထိုသဝဏ်လွှာ ပေးပို့စဥ်က မင်းတုန်းမင်းသည် မန္တလေးမြို့တော်သစ်ကို တည်ဆောက်ပြီးကာစ ဖြစ်ပြီး ခေတ်မီပြုပြင်ပြောင်းလဲရေးများ အရှိန်အဟုန် ကောင်းနေစဉ် ဖြစ်သည်။

ထိုမှ နောင် ၁၅ နှစ် အတွင်း မင်းတုန်းမင်းသည် အစိုးရအဖွဲ့တစ်ရပ်လုံးကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သည်။ တိုင်းပြည်ဘဏ္ဍာရေးစနစ်ကို မြေလှန် ပြောင်းလဲခြင်း၊ အုပ်ချုပ်ရေးစနစ်များ ပြင်ဆင်ခြင်း၊ ငွေဒင်္ဂါးများ ရိုက်နှိပ်ခြင်း၊ ဥရောပနိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်ခြင်း (ပညာသင်ရာမှ ပြန်ရောက်လာသောအခါ ရာထူးကြီးများဖြင့် ခန့်အပ်ချီးမြှောက်ခြင်း)၊ ပထမဆုံးသော စက်ရုံများ တည်ထောင်ခြင်း၊ (ကမ္ဘာ့အစောဆုံးသောများတွင် ပါဝင်သည့်) ရေနံလုပ်ငန်းများကို တိုးချဲ့ခြင်း၊ တရုတ်နိုင်ငံသို့ ပို့ကုန်များ (အများအားဖြင့် ဝါဂွမ်း) တိုးမြှင့်ခြင်း၊ ပထမဆုံးသော ကြေးနန်းလိုင်းများ ချထားခြင်း၊ ရေနွေးငွေ့သုံး မီးသင်္ဘောများကို တင်သွင်းကာ မီးသင်္ဘောလိုင်း စတင်ခြင်း၊ လက်နက်များ တင်သွင်းပြီး နိုင်ငံတကာမှ ကျွမ်းကျင်သူများ အကူအညီဖြင့် တပ်မတော်ကို အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။ 

ခေတ်မီဖွံ့ဖြိုးရေး အားထုတ်မှုများတွင် ဆက်သွယ်ရသမျှ နိုင်ငံခြားအစိုးရများနှင့် သံတမန်ဆက်ဆံရေး ချိတ်ဆက်ထူထောင်ခြင်းများလည်း ပါဝင်ခဲ့သည်။ ထိုထဲတွင် ပြည်တွင်းစစ် ကနဦးကာလ ရောက်နေသည့် အမေရိကန်ပြည်ထောင်စုလဲ ပါဝင်မည်။ မင်းတုန်းမင်းသည် အမေရိကန်နိုင်ငံနှင့် နှစ်ဦး သဘောတူစာချုပ် ချုပ်ဆိုလိုခဲ့သည်။ ထိုစာချုပ်သည် ဗြိတိသျှတို့၏ ရန်စွယ်မှ အတိုင်းအတာ တစ်ခု အကာအကွယ် ပေးနိုင်ကောင်းသည်ဟု မျှော်လင့်ခဲ့သည်။ သမ္မတပိရက်စ်ကို ဆက်ခံသူ ဂျိမ်းဘူခန်နမ် (James Buchanan) က မည်သည်ကိုမှ တိတိပပ မဆိုထားဘဲ ယဉ်ကျေးစွာ စာပြန်ခဲ့သည်။ 

မင်းတုန်းမင်း၏ သဝဏ်လွှာတွင် (ထိုကာလက အသုံးအနှုန်း အတိုင်း တိုင်းပြည်အမည်ကို “သုနာပရန္တတိုင်းနှင့် တမ္ပဒီပတိုင်း" ဟု ဖော်ပြထားပါသည်။) ရေးသားထားသည်မှာ -

သုန္နာပရန္တတိုင်း၊ တမ္ဗဒီပတိုင်း အစရှိသော အရှေ့မျက်နှာ တိုင်းကြီးပြည်ကြီး ထီးဆောင်းမင်း အပေါင်းတို့ကို အစိုးရတော်မူသော၊ ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော နေထွက်ဘုရင် ဆဒ္ဒန်ဆင်မင်းသခင်၊ ဆင်ဖြူများရှင် အသျှင်ဘဝရှင် မင်းတရားကြီးဘုရား၊ ပဒုံမာကြာငုံနှင့် တူသော ရွှေစက်တော်စုံကို အမြဲဦးထိပ်ရွက်၍ တိုင်းရေးပြည်မှုကို စီရင်ရသော အဂ္ဂမဟာသေနာဓိပတိ ဝန်ရှင်တော် စစ်သူကြီးမင်းများ ကြားလိုက်သည်။ ဝါရှည်တုံမြို့နှင့်တကွ အနောံမျက်နှာ တိုင်းကြီးပြည်ကြီးများကို အစိုးရတော်မူသော အမရီကံမင်းစစ်သူကြီးမင်းတို့။ 

ဘုန်းတော် အလွန်ကြီးမြတ်တော်မူလှသော အသျှင်ဘဝရှင်မင်းတရားကြီးဘုရားသည် ဘေးလေါင်းတော်၊ ဘိုးလေါင်းတော်တို့ အရိုက်အရာတော် ဖြစ်သော တိုင်းပြည်နိုင်ငံအလုံးကို ဆက်ခံစိုးအုပ်တော်မူလျှင် ရှေးဘုရားအလေါင်း မင်းကောင်းမင်းမြတ်တို့ ကျင့်ထုံးဖြစ်သော တရားများကို အထူးသဖြင့် ကျင့်သုံးတော်မူ၍ ဘေးလေါင်းတော် ဘိုးလေါင်းတော်တို့ လက်ထက်တော်က ရာဇမဟာမိတ် ဖြစ်သော ပြည်ထောင်ဘက်မင်းတို့၏ ရာဇမဟာမိတ် ဖြစ်မြဲ ဖြစ်စေသည်။ 

အမရီကံဆရာ ကင်းကိတ် ရွှေဘဝါးတော်အောံ လါရောံလျှင်လည်း အဆီးအတားမရှိ၊ အတွင်းတော်သို့ ဝင်ထွက်စေပြီးလျှင် ရွှေမျက်နှာတော်ကို ဘူးမြော်စေ၍ အကြောင်းအရာများကို တင်လျှောံစေသည်။ တိုင်းတော်ပြည်တော်နှင့် အမရိကံမင်းတိုင်းပြည် ရာဇမဟာမိတ် ဖြစ်ကြရလျှင် တိုင်း၂ပြည် သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွန့် အဓွန့်ရှည်စွာ ကုန်သည်ဆင်းရဲသား ကျွန်တော်မျိုးတို့ အကျိုးများစွာ ရှိမည်ကို သဘောထား၍ ဆရာကင်းကိတ်ကို စာပေးအပ်လိုက်သည်။ 

စစ်သူကြီးမင်းတို့ကလည်း တိုင်းပြည်ရာဇမဟာမိတ် ဖြစ်ကြရလျှင် သားတော်အစဉ်၊ မြေးတော်အဆက်၊ မြစ်တော်အညွှန့် အဓွန့်ရှည်စွာ ကုန်သည်ဆင်းရဲသား ကျွန်တော်မျိုးတို့ အကျိုးများစွာ ရှိမည်ကို သဘောထား၍ အမရီကံမင်းထံ ရာဇမဟာမိတ် ဖြစ်ကြရအောင် တင်လျှောံမည် အကြောင်းကို ကြားလိုက်သည်။

~ အမေရိကန်သမ္မတသို့ မင်းတုန်းမင်းနှင့် အဝနေပြည်တော်မှ ပေးပို့လိုက်သော သဝဏ်လွှာ၊ ၁၈၅၆-၅၇။ US National Archives Identifier: 4718602.

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်