အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာအစိုးရထံတွင် ပထမဆုံး အမှုတော်ထမ်းခဲ့သည့် အင်္ဂလိပ်လူမျိုး
event_note ခေတ်ကာလများပြပုံ

၁၇၆၀

မြန်မာအစိုးရထံတွင် ပထမဆုံး အမှုတော်ထမ်းခဲ့သည့် အင်္ဂလိပ်လူမျိုး

Read in English

၁၉၂၇ ခုနှစ်က ရိုက်ကူးခဲ့သည့် ဤဓါတ်ပုံသည် မြန်မာအစိုးရထံ ပထမဆုံး အမှုထမ်းခဲ့သည့် အင်္ဂလိပ်လူမျိုး ဖြစ်နိုင်သော ဂျော့ရော်ဂျာစ် (George Rodgers) ၏ မျိုးဆက် ဂျိုစဖင်းရော်ဂျာစ် (Josephine Rodgers) ၏ ပုံ ဖြစ်သည်။

ဂျော့ရော်ဂျာစ်ကို ၁၇၆၀ ခုနှစ် ပတ်ဝန်းကျင်က အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ၁၇၈၀ ပြည့်နှစ် အစောပိုင်းက ဗြိတိသျှ အရှေ့အိန္ဒိယကုမ္ပဏီတွင် ရေတပ်အရာရှိ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကာလကတ္တားမြို့ အနီးတွင် အထက်အရာရှိ တစ်ဦးနှင့် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ထိုသူအား သတ်မိပြီဟု အထင်နှင့် စစ်တကောင်းနယ်သို့ ထွက်ပြေးကာ ထိုမှတဆင့် ရခိုင်ပြည်သို့ ခရီးဆက်ပြီး နောက်ဆုံးတွင် အမရပူရမြို့သို့ ရောက်ရှိလာခဲ့သည်။

ရော်ဂျာစ်သည် ကျန်ရှိသော ဘဝသက်တမ်း တစ်လျှောက် မြန်မာပြည်ကို မစွန့်ခွာသွားတော့ဘဲ ဘိုးတော်ဘုရားနှင့် ဘကြီးတော်မင်းတို့ထံတွင် တာဝန် အမျိုးမျိုးဖြင့် အမှုထမ်းခဲ့သည်။ သူသည် ဧရာ၀တီမြစ်ကြောတစ်လျှောက် သူပုန်များကို နှိမ်နင်းသည့် စစ်ဆင်ရေးများတွင် ဦးဆောင်ခဲ့ဖူးသည်ဟု ဆိုခဲ့သည်။ ၁၈၀၀ ပြည့်နှစ် အစောပိုင်းက ရန်ကုန်မြို့တွင် အကောက်ဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မြန်မာဘုရင်များနှင့် ဝန်ကြီးများ အတွက် စကားပြန် အဖြစ်လဲ ဆောင်ရွက်ခဲ့သေးသည်။ ရော်ဂျာစ်သည် မက္ခရာမင်းသားကြီးကို အင်္ဂလိပ်စာ သင်ပေးခဲ့သေးသည်။ မင်းသားကြီးသည် မြန်မာတော်ဝင်မိသားစုထဲတွင် ပထမဆုံး အင်္ဂလိပ်ဘာသာကို ဖတ်နိုင်သူ ဖြစ်ပြီး သိပ္ပံဘာသာရပ်မှ အကြောင်းအရာများစွာနှင့် အင်္ဂလိပ်စွယ်စုံကျမ်းထဲမှ ကောက်နှုတ်ချက်များကို ဘာသာပြန်ဆိုခဲ့သည်။

ထိုခေတ်ကာလက လာရောက်သည့် ဗြိတိသျှသံအဖွဲ့များက သူ့ကို ကောင်းစွာ သိရှိခဲ့ကြပြီး မျက်လုံးပြာပြာ၊ လူကောင်ထွားထွားနှင့် အဝတ်အစား၊ အပြုအမူတို့မှာ မြန်မာစင်စစ် ဖြစ်နေသူ၊ မြန်မာစကားကို ရေလည်စွာ ပြောဆိုသူဟု ဖော်ပြကြသည်။

နိုင်ငံခြားသား ဖြစ်သည့်အလျှောက် မြန်မာနေပြည်တော်အတွင်း ရော်ဂျာစ်၏အနေအထားမှာ မတည်မြဲလှပဲ မကြာခဏ နိမ့်တုန်မြင့်တုန် ဖြစ်ခဲ့သည်။ ပေါ်တူဂီ-မြန်မာ သွေးနှော အမျိုးသမီးတစ်ဦးနှင့် အိမ်ထောင်ပြုခဲ့ပြီး သားတစ်ဦး ထွန်းကားခဲ့သည်။ သူ၏ မျိုးဆက်များသည် မြန်မာပြည်တွင် ဆက်လက် နေထိုင်ခဲ့ကြပြီး ၁၉၄၈ ခုနှစ်မှသာ အများစု သို့မဟုတ် အားလုံးက မြန်မာပြည်ကို စွန့်ခွာသွားခဲ့ကြသည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ သူသတ်မိသည်ဟု ထင်ခဲ့သော ရေတပ်အထက်အရာရှိမှာ အသက်ရှင်ခဲ့သည်။ ရော်ဂျာစ်ကမူ ဤသည်ကို မသိသောကြောင့် ဗြိတိသျှပိုင်နက်ထဲသို့ သွားရောက်လျှင် သေဒဏ်ပေးခံရနိုင်သည်ဟု တစ်သက်လုံး ယုံကြည်ခဲ့သည်။

* ဓါတ်ပုံပေးပို့ပေးသည့် ဂျော့ရော်ဂျာစ်၏ မျိုးဆက်တစ်ဦး ဖြစ်သူ မစ္စတာဝီလ်ရုမ်းကို ကျေးဇူးတင်ရှိပါသည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်