အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်သို့ ပထမဦးဆုံး လာရောက်သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး

event_note ခေတ်ကာလများပြပုံ

၁၉၅၅

မြန်မာပြည်သို့ ပထမဦးဆုံး လာရောက်သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး

room Myanmar

people John Foster Dulles President U Ba U Sao Hkun Hkio

Read in English

မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့သော အမေရိကန် နိုင်ငံခြားရေးဝန်ကြီးမှာ စစ်အေးတိုက်ပွဲကာလက အမေရိကန် မူဝါဒများကို ပုံဖော်အသက်သွင်းသူ ဂျွန်ဖော်စတာ ဒဲလက်စ် (John Foster Dulles) ဖြစ်သည်။ အင်ဒိုချိုင်းနားဒေသ (Indochina) တွင် ပြင်သစ်တို့ကို အနိုင်ရခဲ့ပြီးကာစ အချိန်၊ အမေရိကန် စစ်အေးတိုက်ပွဲ၌ မြန်မာပြည်၏ အနေအထားကို စိတ်ဝင်စားမှု မြင့်မားနေသည့်ကာလ ၁၉၅၅ ခုနှစ်က လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က အသစ်ဖွဲ့စည်းလိုက်သော အရှေ့တောင်အာရှ စာချုပ်အဖွဲ့ (SEATO – South East Asian Treaty Organization)တွင် မြန်မာအစိုးရ ပါဝင်ရန် လာရောက် ဆွဲဆောင်ခြင်း ဖြစ်သည်။ 

ထိုစဉ်က မြန်မာနိုင်ငံသည် အမေရိကန်နှင့် ဆက်ဆံရေးမှာ သိပ်မရင်းနှီးလှပေ။ တစ်နိုင်ငံ အကြောင်း တစ်နိုင်ငံ သေချာ မသိရှိကြ။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ကြီးက လက်ဝဲဝါဒီဘက်သို့ ယိမ်းယိုင်သွားမည် သို့မဟုတ် မြန်မာပြည် ကွန်မြူနစ်များ၏ အုပ်ချုပ်မှုအောက် ရောက်သွားမည်ကို အမေရိကန်တို့က စိုးရိမ်နေခဲ့ကြသည်။ မြန်မာတို့ကမူ ရှမ်းပြည်ကို ကျူးကျော်ဝင်ရောက်လာပြီး သံလွင်မြစ် အရှေ့ဘက် ဒေသ တော်တော်များများကို သိမ်းပိုက်ထားသော တရုတ်ဗိုလ်ချုပ် လိမီ (Li Mi) ဦးဆောင်သည့် ကူမင်တန်တပ်များ (Kuomintang) ကို အမေရိကန်တို့မှ အထောက်အပံ့များ ပေးနေခြင်း အပေါ် အတော်ပင် မကျေမနပ် ဖြစ်နေကြသည်။ ၁၉၅၅ ခုနှစ်တွင် အမေရိကန်တို့ဘက်မှ ထောက်ပံ့ခြင်းကို လျှော့ချလိုက်သော်လည်း မြန်မာတို့က အမေရိကန်တို့၏ ရည်ရွယ်ချက်ကို သံသယမကင်း ရှိနေဆဲ ဖြစ်သည်။ ၁၉၅၅ ခုနှစ် ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒဲလက်စ်၏ မြန်မာပြည်ခရီးစဉ် အပြီး မကြာမီ ထိုနှစ်နွေရာသီတွင် ဦးနုသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုသို့ဖြင့် အမေရိကန်-မြန်မာ ဆက်ဆံရေးများသည် ၁၉၅၀ ပြည့်နှစ် နှောင်းပိုင်းများတွင် ကောင်းမွန်လာခဲ့ပြီး ၁၉၆၂ ခုနစ် စစ်တပ်အာဏာသိမ်းသည့် အချိန်ထိ တည်မြဲခဲ့သည်။ 

ပထမဓာတ်ပုံမှာ ဂျွန်ဖောစတာဒဲလက်စ်နှင့် သမ္မတ ဦးဘဦးတို့ကို အစိုးရအိမ်တော်တွင် မြင်ရပုံ ဖြစ်ကာ ဒုတိယဓာတ်ပုံမှာ ဒဲလက်စ်အား ကြိုဆိုသည့် သဘောဖြင့် ရန်ကုန်မြို့ အစိုးရအိမ်တော်၌ နိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချိုက တည်ခင်းဧည့်ခံသည့် ဥယျာဉ်ပါတီပွဲတွင် ဒဲလက်စ်ကို နိုင်ငံခြားရေးဝန်ကြီး စဝ်ခွန်ချိုနှင့် တွေ့ရပုံ ဖြစ်သည်။ ကိန်းဘရစ်ချ် တက္ကသိုလ်ဆင်း စဝ်ခွန်ချိုသည် မိုးမိတ်စော်ဘွား ဖြစ်ပြီး လွတ်လပ်ရေး ရပြီးချိန်မှ ၁၉၆၂ ခုနှစ်ထိ နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

ပြည်တွင်းပြည်ပ ၁၉၅၀ ပြည့်နှစ်များ မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်