အမေ့ခံအတိတ်
အမေ့ခံအတိတ်
ပြင်သစ်ပြည်သို့ ပထမဦးဆုံးအကြိမ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့
event_note ခေတ်ကာလများပြပုံ

၁၈၇၁

ပြင်သစ်ပြည်သို့ ပထမဦးဆုံးအကြိမ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့

room France

Read in English

၁၈၇၁ ခုနှစ်က ကင်းဝန်မင်းကြီး ဦးဆောင်သည့် သံအဖွဲ့သည် ပြင်သစ်ပြည်သို့ ပထမဦးဆုံးအကြိမ် စေလွှတ်ခံရသော မြန်မာသံအဖွဲ့ ဖြစ်သည်။ မြန်မာတို့သည် ဥရောပတိုက်ရှိ အခြားသော အင်အားကြီးမျာနှင့် ပေါင်းသင်းနိုင်သည်ကို ဗြိတိသျှတို့အား ပြလို၍ သွားရောက်သည့် ခရီးစဥ် ဖြစ်သည်။

ထိုခရီးစဉ် အတွင်း ကင်းဝန်မင်းကြီးနှင့် အဖွဲ့သည် လုဗ်ပြတိုက် (Louvre) ၌ အီဂျစ်မမ်မီရုပ်အလောင်းများကို ကြည့်ရှုခြင်း၊ နပိုလီယံ၏ သင်္ချိုင်းအုတ်ဂူတွင် အရိုအသေပြုခြင်း၊ အမျိုးသား စာကြည်တိုက်သို့ သွားရောက်လေ့လာခြင်းများ ပြုလုပ်ခဲ့ကြသည်။ စာကြည့်တိုက်၌ ၁၃ ရာစုနှစ်က မာကိုပိုလို (Marco Polo) ရေးဆွဲထားသည်ဟု ဆိုသော ပုဂံမြို့ဟောင်း ပါရှိသည့် မြေပုံဟောင်းတစ်ခုကို တွေ့ခဲ့ရသည်။ "လွန်ခဲ့သော ရာစုပေါင်းများစွာကပင် ဥရောပလူမျိုးများသည် မြန်မာပြည်သို့ မကြာခဏ အလည်အပတ် ရောက်ရှိခဲ့ဖူးသည်"ကို ကင်းဝန်မင်းကြီးနှင့် အဖွဲ့သားများ တအံတသြ ဖြစ်ခဲ့ကြရသည်။ ကမ္ဘာကြီးနှင့် အဆက်အသွယ် ပြတ်တောက်နေသည့် မြန်မာပြည် အတွင်း အမြင်သဘောထားများ မည်မျှ ကျဉ်းမြောင်းနေသည်ကို သဘောပေါက်သွားခဲ့ကြသည်။ 

ပြင်သစ်ပြည်သို့ အစောဆုံး ရောက်ရှိခဲ့သော မြန်မာလူမျိုးမှာ ဦးအောင်သူ ဖြစ်ပြီး ၁၈၅၉ ခုနှစ်တွင် ပြင်သစ်ပြည်ရှိ ထိပ်တန်းစစ်ပညာသင်ကျောင်း စိန့်ဆီယာ (St Cyr) ၌ ပညာသင်ကြားရန် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ နောက်ပိုင်းတွင် ယင်းသည် မန္တလေးမြို့၌ ကသည်းမြင်းဝန် ဖြစ်လာခဲ့သည်။ ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်ပြီး အဆိုပါ သံတမန်ခရီးစဉ် အတွင်း ကင်းဝန်မင်းကြီးကို အကူအညီ ပေးခဲ့သည်။ 

အောက်ပါခဲခြစ်ပန်းချီသည် ပြင်သစ်မဂ္ဂဇင်း တစ်စောင်တွင် ဖော်ပြခဲ့သည့် ကင်းဝန်မင်းကြီးနှင့် ကသည်းမြင်းဝန် ဦးအောင်သူတို့၏ ရုပ်ပုံလွှာ ဖြစ်သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (အေဒီ ၁၈၂၄ - ၁၈၈၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်