အမေ့ခံအတိတ်
အမေ့ခံအတိတ်
event_note ခေတ်ကာလများပြပုံ

၂၁၀၀

ကမ္ဘာကြီး ၄ ဒီဂရီ ဆဲလ်စီးရပ်စ် ပိုမိုပူနွေးလာတဲ့အခါ

Read in English

ယခု ကမ္ဘာကြီးသည် စက်မှုခေတ် မတိုင်မီကထက် ၁ ဒီဂရီ ဆဲလ်စီးရပ်စ် ပိုမို ပူနွေးနေပြီ ဖြစ်သည်။ ထိပ်တန်းသိပ္ပံပညာရှင် အားလုံးက ၁.၅ ဒီဂရီ ပိုမိုပူနွေးလာလျှင် နောက်ပြန်လှည့်၍ မရနိုင်တော့ဟု လက်ခံထားကြပါသည်။ အကြီးဆုံးသော စီးပွားရေး အဆောက်အအုံများက အရေးပေါ်  ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်ခြင်း မရှိပါက ၂၀၃၀ ခုနှစ် ရောက်လျှင် ထိုနောက်ပြန်လှည့်မရတော့မည့် အနေအထားသို့ ရောက်ရှိပါမည်။ မူဝါဒများကို များစွာ မပြောင်းလဲနိုင်လျှင် ကမ္ဘာကြီးသည် ၂၁၀၀ ခုနှစ်တွင် အပူချိန် ၃ ဒီဂရီမှ ၅ ဒီဂရီထိပင် တိုးလာနိုင်ပါသည်။ 

ပရာ့ဂ်ခါနာ (Parag Khanna) ရေးဆွဲခဲ့သော (မြန်မာဘာသာဖြင့် ပြန်ဆိုထားသည့်) ဤမြေပုံကို ၂၀၀၉ ခုနှစ်က သိပ္ပံပညာရှင်သစ် (New Scientist) စာစောင်တွင် ဖော်ပြခဲ့ပြီး ၄ ဒီဂရီ တိုးလာလျှင် ကမ္ဘာကြီး မည်သို့ ရှိမည်ကို မှန်းဆဆွဲပြထားသည်။ မြေပုံတွင် မြင်ရသည့် အတိုင်း မြန်မာနိုင်ငံ အတွက် အကျိုးသက်ရောက်မှုများသည် ကပ်ဆိုက်သလို ရှိနေပါမည်။ ဤဖြစ်စဉ်သည် ၂၁၀၀ ခုနှစ် သို့မဟုတ် ထို့နောက်ပိုင်းမှ ဖြစ်နိုင်သည် ဆိုလျှင်ပင် ယခုလာမည့် ဆယ်စုနှစ်များ၊ နှစ်အနည်းငယ် အတွင်း အပူချိန် မြင့်တက်ခြင်း၊ မိုးရွာသွန်းသည့် အနေအထား ပြောင်းလဲခြင်း၊ နာဂစ်မုန်တိုင်းကဲ့သို့ ကြီးမားသည့် ရာသီဥတု ဖြစ်ရပ်များ စသော ပြင်းထန်သည့် အကျိုးသက်ရောက်မှုများကို စတင် ကြုံတွေ့လာရမည် ဖြစ်ပါသည်။ 

အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခဲ့သော မူလမြေပုံတွင် ပူနွေးလာမည့် အာရှတိုက်ကို ဤသို့ ဖော်ပြထားသည်။ "ဟိမဝန္တာ ရေခဲပြင်များ အရည်ပျော်သွားပြီ ဖြစ်သဖြင့် ဒေသတွင်းရှိ မြစ်ကြီးများစွာကို အကျိုးသက်ရောက်မှု ရှိမည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ (Bangladesh) အပြင် တောင်အိန္ဒိယဒေသများ (south India)၊ ပါကစ္စတန်နိုင်ငံ (Pakistan) နှင့် အာဖဂန်နစ္စတန်နိုင်ငံ (Afghanistan) တို့တွင် လူနေနိုင်တော့မည် မဟုတ်။ ဟိုတစ်စု ဒီတစ်စုနှင့် သီးခြားနေသည့် လူအနည်းငယ်သာ ကျန်ရစ်ခဲ့မည်။" ဟု ရေးသားထားသည်။ မြန်မာနိုင်ငံ၏ ဒေသအများစုနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံ (Thailand) တို့ကိုမူ "ရေကြီးခြင်း၊ မိုးခေါင်ခြင်း သို့မဟုတ် ရာသီဥတု ပြင်းထန်သည့် ဖြစ်ရပ်များကြောင့် လူမနေနိုင်" ဟု မှတ်ချက်ပြုထားသည်။ နှစ်နိုင်ငံလုံး၏ ကမ်းရိုးတန်းဒေသများကမူ "ပင်လယ်ရေမျက်နှာပြင် ၂ မီတာခန့် မြင့်တက်လာလျှင် ရေမြှုပ်သွားမည်" ဟု မှတ်ချက်ပြုထားသည်။

မျက်မှောက်ခေတ် မြန်မာနှင့် ကမ္ဘာ (၁၉၆၀ ပြည့်နှစ်များမှ ယနေ့ထိ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်