အမေ့ခံအတိတ်
အမေ့ခံအတိတ်
ခရစ္စမတ်အမီ ရန်ကုန်မြို့သို့ ရောက်လာသည့် ဒုတိယကမ္ဘာစစ်မီး
event_note ခေတ်ကာလများပြပုံ

၂၃ ဒီဇင်ဘာ ၁၉၄၁ - မတ် ၁၉၄၂

ခရစ္စမတ်အမီ ရန်ကုန်မြို့သို့ ရောက်လာသည့် ဒုတိယကမ္ဘာစစ်မီး

room Myanmar

Read in English

၁၉၄၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နှင့် ခရစ္စမတ်နေ့တွင် ဂျပန်အင်ပါယာ (Japanese Empire) သည် ရန်ကုန်မြို့ကို ပထမဦးဆုံး ဝင်ရောက်တိုက်ခိုက်သည်။ နာကာဂျိမာ (Nakajima) တိုက်လေယာဉ် အစီး ၃၀ ခြံရံလျက် ဂျပန်ပြည်လုပ် မစ်ဆူဘီရှီ ကီ-၂၁ (Mitsubishi Ki-21) ဗုံးကြဲလေယာဉ် အစီး ၈၀ ကျော်သည် ထိုင်းနိုင်ငံ (Thailand) နှင့် အင်ဒိုချိုင်နား (Indochina) ရှိ စစ်စခန်းများမှ ပျံသန်းလာသည်။ အင်္ဂလန်နိုင်ငံ (United Kingdom) တော်ဝင်လေတပ်၏ ရဲတင်း (Tomahawks) နှင့် ကျွဲရိုင်း (Buffaloes) တိုက်လေယာဉ်များ၊ အမေရိကန်ပြည်ထောင်စု (United States) ၏ လေတပ်မှ "ကျားပျံ (Flying Tigers)" တိုက်လေယာဉ်များက ဂျပန်တို့၏ တိုက်စစ်ကို ခုခံရန် ကြိုးစားခဲ့သော်လည်း ထိရောက်မှု မရှိခဲ့။ ဂျပန်လေယာဥ်များက ပုဇွန်တောင်မှ အလုံ အထိ ရန်ကုန်မြို့ထဲ နေရာများကို မီးလောင်ဗုံးများ၊ ပေါက်ကွဲမှု အားကောင်းသည့်ဗုံးများ ကြဲကာ တိုက်ခိုက်သဖြင့် ထိုရပ်ကွက်များရှိ သစ်သားအဆောက်အအုံ ငါးပုံ သုံးပုံခန့် ပျက်စီးခဲ့ရသည်။ ရန်ကုန်မြို့၏ ဆိပ်ကမ်းများ၊ ဆီစက်များနှင့် မင်္ဂလာဒုံလေဆိပ်တို့ အလုံးစုံ ပျက်ဆီးကုန်သော်လည်း (ထိုနှစ်မေလတွင် တစ်မြို့လုံး ပြာကျသွားခဲ့သည် မန္တလေးမြို့နှင့် ယှဉ်လျှင်) တစ်မြို့လုံးတွင် အပျက်အစီး မများလှဟု ဆိုနိုင်သည်။ 

ဂျပန်တို့က ရန်ကုန်မြို့ကို ဗုံးကြဲတိုက်ခိုက်သောကြောင့် (ထိုကာလက မြို့နေ လူဦးရေ လေးသိန်းခန့် ရှိသည့် အနက်မှ) ပြည်သူ ၂,၀၀၀ နီးပါး သေကြေခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရခဲ့သည်။ မြို့နေ လူ ၁၀၀,၀၀၀ ကျော်သည် ရေကြောင်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း၊ စထရင်းဟိုတယ်ရှေ့မှ စီးရသော ရေပေါ်လျှပ်ပြေး လေယာဉ်များဖြင့်သော်လည်းကောင်း ရရာနည်းဖြင့် ထွက်ပြေးကြသည်။ ဆက်လာသည့် ရက်သတ္တပတ်များတွင် နောက်ထပ် ရာထောင်ချီသော လူများ (အိန္ဒိယလူမျိုး၊ မြန်မာလူမျိုး၊ အင်္ဂလိပ်-မြန်မာလူမျိုး၊ ဥရောပလူမျိုး၊ တရုတ်လူမျိုး၊ ကရင်လူမျိုးနှင့် အခြားသူများ) သည် မြို့တော်ကို ကုန်းကြောင်းအတိုင်း စွန့်ခွာထွက်ပြေးကြရပြီး အိန္ဒိယပြည်သို့ စစ်ပြေးကြရာ လမ်းတစ်လျှောက်တွင် လူထောင်သောင်းချီ သေကြေပျက်စီးကြရသည်။ ထိုစစ်ပြေးဒုက္ခသည် လူအုပ်ကြီးမှာ ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် အဆိုးဝါးဆုံး လူသားအစုလိုက် အပြုံလိုက် စစ်ရှောင်ရသည့် ဖြစ်ရပ်များထဲမှ တစ်ခု အဖြစ် သမိုင်းတွင်ပေသည်။ 

နှစ်ပတ်အကြာတွင် ကုန်းကြောင်း ကျူးကျော်တိုက်ပွဲများ စတင်လာခဲ့ပြီး ၁၉၄၂ ခုနှစ် မတ်လတွင် ဒုတိယ ဗိုလ်ချုပ်ကြီး ရှိုဂျီရို အီဒါ (Lt. General Shojior Iida) ဦးဆောင်သော အမှတ် ၁၅ ဂျပန်တပ်မတော်က ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။

ဂျပန်လေယာဥ်ပေါ်မှ ရိုက်ကူးထားသည့် ဤရှားပါးဓါတ်ပုံတွင် အစိုးရအိမ်တော်၏ တောင်ဘက်ရှိ နေရာများ၊ စိန့်ဂျွန်ကောလိပ်နှင့် လေဒီဒပ်ဖရင်ဆေးရုံ စသည့် ဗုံးကြဲခံရသည့် နေရာများကို တွေ့မြင်နိုင်သည်။ ပုံအလယ်နားတွင် အကျဉ်းထောင်ဟောင်းကို ပြတ်ပြတ်ထင်ထင် တွေ့ရသည်။

ဒုတိယကမ္ဘာစစ်တွင်းကာလ (၁၉၄၂ - ၁၉၄၅) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်