အမေ့ခံအတိတ်
အမေ့ခံအတိတ်

1600s - 19th century

ကိုးကန့်ဒေသ မူလအစ

room China

Read in English

ကိုးကန့်ဒေသ (လက်ရှိ "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ") ၏ သမိုင်းကြောင်းမှာ အလွန်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။ ၁၆၀၀ ပြည့်နှစ် အလယ်ပိုင်းကာလတွင် တရုတ်ပြည်၏ မင်မင်းဆက်သည် ကျူးကျော်ဝင်ရောက်လာသော မန်ချူးတို့၏ လက်အောက်သို့ ကျရောက်သွားသည်။ နောက်ဆုံး မင် ဧကရာဇ်ဘုရင် (ကွေ့မင်းသားဟု လူသိများသော ရုန်လဲ့ဧကရာဇ်)သည် ယူနန်ပြည်သို့ ထွက်ပြေးတိမ်းရှောင်ပြီး နောက်ပိုင်းတွင် နယ်စပ်ဖြတ်ကျော်ကာ အင်းဝနေပြည်တော်ထိ ရောက်လာခဲ့သည်။ အသစ်တက်သော မန်ချူး "ချင်"မင်းဆက်သည် ၁၉၁၂ ခုနှစ်ထိ အုပ်ချုပ်မင်းမူခဲ့သည်။ 

ရုန်လဲ့ဧကရာဇ်နှင့် အတူ မင် မင်းဆက်သစ္စာခံများ သိန်းနှင့်ချီကာ လိုက်ပါလာခဲ့သည်။ ထိုသူများတွင် ၁၆၂၂ ခုနှစ်က နန်ကျင်းမြို့ (Nanjing) တွင် နေထိုင်သော နန်းတွင်း စစ်သည်တော် မိသားစုတစ်ခုတွင် မွေးဖွားခဲ့သည့် ရန်ကောင်းသျှို အမည်ရှိ လူတစ်ဦးလည်း ပါသည်။ ရန်ကောင်းသျှိုသည် ကွေ့မင်းသားနှင့်အတူ ယူနန်ပြည်သို့ လိုက်ပါလာခဲ့သည်။ နောက်ပိုင်းတွင် ရန်ကောင်းသျှို၏ သားဖြစ်သူသည် ယနေ့ ကိုးကန့်ဖြစ်လာမည့် ဒေသရှိ ဓားပြများကို ရှင်းလင်းဖယ်ရှားပြီး ကိုးကန့်ဒေသ၏ မျိုးရိုးအမွေခံ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ယင်းတို့၏ သားစဉ်မြေးဆက်များသည်  နောင်နှစ်ပေါင်း နှစ်ရာကျော် အထိ ကိုးကန့်ဒေသ "အုပ်ချုပ်သူ" အဖြစ်လည်းကောင်း၊ ဗြိတိသျှအစိုးရ လက်ထက်တွင် ကိုးကန့် "မြို့စား" အဖြစ်လည်းကောင်း ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့သည်။ ၁၉၄၇ ခုနှစ် သြဂုတ်လတွင် ဗြိတိသျှအစိုးရက စဝ်ရန်ဝမ်ဖင်း (Sao Yang Wen Pin)အား "စော်ဘွား"ဘွဲ့ ပေးအပ်သည်။ နောက်ဆုံးစော်ဘွား စဝ်အက်ဒ်ဝပ် ရန်ကျိုင်ဆိုင် (Sao Edward Yang Kyein Sai) သည် ၁၉၇၁ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ 

ကိုးကန့်လူမျိုးများသည် ယူနန်ပြည်နယ်ရှိ ဟန်တရုတ်များကဲ့သို့ပင် တရုတ်ဘာသာစကား (Mandarin) ပြောကြပြီး များမကြာမီ (၁၇-၁၉ ရာစု) ကသာ ကိုးကန့်ဒေသသို့ ပြောင်းရွှေ့ အခြေချနေထိုင်ကြသူများ ဖြစ်ကြသည်။ ခေတ်သစ်မြန်မာနိုင်ငံ၌ ယင်းတို့၏ တည်ရှိမှုသည် မင်မင်းဆက် ကျဆုံးသွားခြင်းနှင့် အနောက်အရပ်သို့  ထွက်ပြေးတိမ်းရှောင်သော ကွေ့မင်းသားတို့၏ သမိုင်းကြောင်းကို ကိုယ်စားပြုနေသော သက်ရှိ အမွေအနှစ် ဖြစ်ပေသည်။ ဖော်ပြပါပုံမှာ အနောက်ယူနန်ပြည်သို့ ချင် မန်ချူးတို့ ကျူးကျော်ဝင်ရောက်စဉ်က ဖြစ်သည်။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်