အမေ့ခံအတိတ်
အမေ့ခံအတိတ်
ရန်ကုန်မြစ်အောက်ခြေ တစ်နေရာရှိ ကိုနင်းဒေးဗစ် သင်္ဘောကြီး
event_note ခေတ်ကာလများပြပုံ

ဧပြီ ၁၆၆၁

ရန်ကုန်မြစ်အောက်ခြေ တစ်နေရာရှိ ကိုနင်းဒေးဗစ် သင်္ဘောကြီး

Read in English

ကိုနင်းဒေးဗစ် အမည်ရ ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီပိုင် သင်္ဘောသည် ၁၆၆၁ ခုနှစ် ဧပြီလက ဂွတ်ဟုပ်အငူမှ ဘတ္တာဗီယားမြို့သို့ ရွက်လွှင့်ခဲ့ပြီး ထိုမှတစ်ဆင့် ပဲခူးမြို့သို့ ဆက်လက်ထွက်ခွာလာရာ ယနေ့ ရန်ကုန်မြို့ တည်ရှိရာ ကမ်းအနီးတွင် နစ်မြှုပ်သွားခဲ့သည်။ Verenigde Oostindische Compagnie (VOC) အမည်ရ ဒတ်ချ် အရှေ့အိန္ဒိယ ကုမ္ပဏီပိုင် သင်္ဘော ဖြစ်ပြီး သင်္ဘောကပ္ပတိန်မှာ အမ်စတာဒန်မြို့မှ ကော်နယ်လိစ်ရော့ဘ် (Kornelis Rob) အမည်ရှိ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ထိုဒတ်ချ်ကုမ္ပဏီသည် ထိုခေတ်က မြန်မာပြည်တွင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ငန်း ဆောင်ရွက်ခဲ့ပြီး အင်းဝမြို့၊ ပဲခူးမြို့၊ သန်လျင်မြို့တို့တွင် သာမက ရခိုင်ပြည်တွင်လည်း ရုံးခန်းများ အတည်အကျဖွင့်ကာ လည်ပတ်ခဲ့သည်။ ဒတ်ချ်တို့သည် တောင်အိန္ဒိယဒေသမှ အထည်အလိပ်၊ ကျွန်၊ သေနတ်၊ ဟင်းခတ်အမွှေးအကြိုင် စသည့် ကုန်စည်များကို ကူးသန်းရောင်းဝယ်ခဲ့ကြသည်။ ၎င်းတို့၏ ကုန်သွယ်မှုသည် ကျယ်ပြန့်သဖြင့် ၁၇ ရာစု မြန်မာတို့သည် ဟတ်ဒ်ဆန်တောင်ကြား (ယနေ့ နယူးယောက်မြို့) မှ ဘီဗာရှဉ့်ဝံ သားမွှေးဦးထုပ်ကိုပင် ဝယ်ယူနိုင်ခဲ့သည်။ 

ယနေ့တွင် ရန်ကုန်မြစ် အောက်ခြေတွင် ရှိနေသည့် ဒဏ္ဍာရီလာ ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်လည်ရှာဖွေဆယ်ယူရန် ကြိုးပမ်းမှုများ ရှိသည်။ သို့သော် ရန်ကုန်မြစ်အောက်တွင် ခေါင်းလောင်းကြီး အပြင် အခြား စူးစမ်းရှာဖွေစရာ အရာများစွာ ရှိနေသည်။ ထိုအထဲတွင် ကိုနင်းဒေးဗစ်သင်္ဘောကြီးလည်း အပါအဝင် ဖြစ်သည်။ သင်္ဘောပေါ်ရှိ ရတနာများလည်း ပကတိတိုင်း ရှိနေကောင်း ရှိနေနိုင်ပေသည်။

ပန်းချီမှာ ၁၇ ရာစု ပန်းချီဆရာ လိုရန်ဇိုအာ ကတ်စ်ထရို (Lorenzo a Castro) က ဟော်လန်ပြည် မြောက်ပိုင်းရှိ ဟွန်း (Hoorn) ပင်လယ်ဆိပ်ကပ်းတွင် ကျောက်ချထားသည့် ဒတ်ချ်အရှေ့အိန္ဒိယကုမ္ပဏီပိုင် သင်္ဘောတစ်စီးကို ရေးဆွဲထားပုံ ဖြစ်သည်။

ပန်းချီ - Dulwich Picture Gallery

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်