အမေ့ခံအတိတ်
အမေ့ခံအတိတ်
မြန်မာပြည်ရှိ အာမေးနီးယန်းလူမျိုးများ

1610s

မြန်မာပြည်ရှိ အာမေးနီးယန်းလူမျိုးများ

Read in English

မြန်မာနိုင်ငံတွင် လူသိနည်းသော်လည်း စိတ်ဝင်စားစရာ ကောင်းသည့် အသိုင်းအဝိုင်းများထဲတွင် အာမေးနီးယန်းလူမျိုးများလည်း ပါဝင်သည်။ အာမေးနီးယန်းတို့သည် ၁၆၁၀ ပြည့်နှစ်ခန့်ကတည်းကပင် ပါရှားပြည်မှ မြန်မာပြည်သို့ ပြောင်းရွှေ့ အခြေစိုက် နေထိုင်ခဲ့ကြသည်။ မြန်မာနိုင်ငံရှိ ပထမဦးဆုံးသော အာမေးနီယန်းလူမျိုးများ၏ အုတ်ဂူများတွင် ၁၇၂၅ ခုနှစ်ဟု ရက်စွဲ တပ်ထားသည်ကို တွေ့ရသည်။ အဝနေပြည်တော်တွင် အာမေးနီးယန်း-မြန်မာလူမျိုး ရာနှင့်ချီကာ တာဝန်ထမ်းဆောင်ခဲ့ပြီး အမရပူရမြို့၊ မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် နေရာ အနှံ့အပြားတွင် ကုန်သည်များ အဖြစ် အသက်မွေးခဲ့ကြလေသည်။

အာမေးနီးယန်းလူမျိုးတို့ ချန်ရစ်ခဲ့သည့် သမိုင်းကြောင်းကို ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ စထရန်းဟိုတယ်ကို (စင်ကာပူနိုင်ရှိ Raffles ဟိုတယ်ကို ဆောက်လုပ်ခဲ့သူလည်း ဖြစ်သည့်) အာမေးနီးယန်းလူမျိုး ဆာကီးစ် (Sarkies) ညီအစ်ကိုက တည်ဆောက်ခဲ့သည်။ အာမေးနီးယန်း-မြန်မာလူမျိုး ပီတာအာရတွန်း (Peter Aratoon) သည် ဘားလမ်းရှိ Silver Grill နိုက်ကလပ်နှင့် ခန့်ညားထည်ဝါသော ဘယ်လ်သာဇာ (Balthazar) အဆောက်အဦ (ဘဏ်လမ်း၌ ယနေ့တိုင် တည်ရှိနေဆဲ) ကို ပိုင်ဆိုင်ခဲ့သည်။ မကြာသေးမီက ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ထားသည့် စိန်ဂျွန်း အာမေးနီးယန်း နှစ်ခြင်းခရစ်ယာန်ကျောင်းသည် ကုန်သည်လမ်းနှင့် လမ်း ၄၀ ထောင့်တွင်  တည်ရှိသည်။ ယင်းဘုရားကျောင်းကို မင်းတုန်းမင်းကြီးမှ အာမေးနီးယန်း-မြန်မာများ အတွက် ပေးထားသော မြေနေရာပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

များစွာသော အာမေးနီးယန်း-မြန်မာများသည် မြန်မာမင်းများ လက်အောက်တွင် သံတမန်များ၊ အခွန်အရာရှိများ၊ ဘာသာပြန်များ စသည်ဖြင့် အဆင့်မြင့် ရာထူးနေရာများ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည်။ ၎င်းတို့က ဗြိတိသျှတို့ကို ဆန့်ကျင်သည်ဟု ယူဆသောကြောင့် ဗြိတိသျှတို့က အာမေးနီးယန်း-မြန်မာလူမျိုးများ အပေါ် အမြင်မကြည်ကြပေ။ အာမေးနီးယန်း-မြန်မာလူမျိုးများထဲမှ နာမည်အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦးမှာ ဒိုင်ယာနာအပ်ကာ (Diana Apcar) ဖြစ်သည်။ ၁၈၅၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်ပြီး ပထမကမ္ဘာစစ် နောက်ပိုင်းတွင် လွတ်လပ်သော အာမေးနီးယားနိုင်ငံ၏ ဂျပန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်လာခဲ့သည်။ သူမ၏ အံသြဖွယ်ရာ ဘဝအကြောင်းကို ရုပ်ရှင် အဖြစ် ရိုက်ကူးလျက် ရှိသည်။ (http://dianaapcar.org) သွေးမနှောဘဲ အာမေးနီးယန်း-မြန်မာလူမျိုးစစ်စစ် ဖြစ်သည့် မစ္စတာ မာတင် (မာတီရိုစီယန် Martirossian)သည် ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့ပြီး နှစ်ပေါင်း ၄၀၀ တိုင် တည်ရှိခဲ့သော စိတ်ဝင်စားဖွယ်ရာ လူမျိုးစုတစ်စု မျိုးဆက် ပျောက်ကွယ်ခဲ့လေသည်။

ဤရေဆေးပန်းချီမှာ ၁၈၅၅ ခုနှစ် မင်းတုန်းမင်း လက်ထက်က ဗြိတိသျှသံအဖွဲ့ တစ်ဖွဲ့ လာရောက်စဥ်တွင် ရေးဆွဲခဲ့သည့် မလွန်မြို့ဝန် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မစ္စတာ မက်ကာတစ်ချ်ဂျေမိုင်းန်စ် (Makertich J Mines) ၏ ပုံတူ ဖြစ်သည်။ သံအဖွဲ့တွင် ပါလာသည့် ပန်းချီဆရာ ကိုးလ်စ်ဝါသီဂရန့် (Colesworthy Grant) က ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး သူက 'မစ္စတာ မက်ကာတစ်ချ်သည် အာမေးနီးယန်းလူမျိုး ဖြစ်သော်လည်း မြန်မာလူမျိုး အဖြစ် ခံယူထားသည်။ ၁၈၅၄ ခုနှစ်က ကာလကတ္တားမြို့သို့ လာရောက်သည့် မြန်မာသံအဖွဲ့တွင် လိုက်ပါခဲ့သူ တစ်ဦး ဖြစ်သည်။ သူ မြို့စားရသည့် မလွန်မြို့သို့ ရောက်ရှိလာသော အင်္ဂလိပ်သံအဖွဲ့ကို နေပြည်တော် အထိ လိုက်ပါပို့ဆောင်ခဲ့သည်။ မစ္စတာ မက်ကာတစ်ချ်သည် အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပြီး ထက်မြက်သောသူ တစ်ဦး ဖြစ်သည်။' ဟု ရေးသားခဲ့သည်။

ခေတ်သစ်ကာလ မြန်မာနှင့် ကမ္ဘာ့ရေးရာ ဆက်နွယ်မှုများ (အေဒီ ၉၀၀ မှ ၁၈၂၄) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ခေါင်းစဉ်များ အားလုံးကြည့်ရန်